Ad

Slider

အဂတိစွပ်စွဲချက်ဖြင့် ၂၁ နှစ် ထပ်ချခံရတဲ့ ဒေါက်တာဇော်မြင့်မောင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ကို ဇွန်လ ၁၇ ရက်က အိုးဘိုအကျဉ်းထောင် အထူး တရားရုံးက ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်သည်။ အသက် ၇၀ အရွယ် ၎င်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ ဖြင့် အမှုငါးခု တရားစွဲဆိုထားရာ အမှုအမှတ် ၆၊ ၇၊ ၈ အတွက် တစ်မှုလျှင် ငါးနှစ်စီ၊ အမှု အမှတ် ၉၊ ၁၀ အတွက် တစ်မှု သုံးနှစ်၊ စုစုပေါင်း ၂၁ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်ကလည်း ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်၊ သဘာဝဘေးဆိုင်ရာဥပဒေဖြင့် ထောင်ဒဏ် နှစ်နှစ်၊ ရွေးကောက်ပွဲ၌ မလျော်သြဇာကျင့်သုံးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇၁ (စ) အရ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသူလည်း ဖြစ်သည်။ 

မန်း-ဆေး တက္ကသိုလ် ဘွဲ့ရ ဒေါက်တာ ဇော်မြင့်မောင်မှာ ၁၉၉၀ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြုအဖြစ် အမရပူရမြို့နယ်မှ ရွေးကောက်ခံခဲ့ရဖူးသူ ဖြစ်သည်။ ၁၉၉၀ နိုဝင်ဘာ ၂၂ ရက်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၁၂၂ အရ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရသည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေမှုဖြင့် ၁၉၉၆ မတ်လတွင် အရေးပေါ်အက်ဥပဒေဖြင့် နောက်ထပ် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်၌ ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်ကျမှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ထို့နောက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD မှ နေ၍ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း မန်းတိုင်းဒေသကြီးလွှတ်တော် အမရပူရမြို့နယ် ကိုယ်စားပြု ထပ်မံယှဉ်ပြိုင်အနိုင်ရပြီးနောက် တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန် ပေးအပ်ခံခဲ့ရသည်။ 

၎င်းသည် လက်ရှိ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသည့် အမှုများအတွက် အပြစ်မရှိကြောင်း တရားခွင်အတွင်း ငြင်းဆိုထားသူလည်း ဖြစ်သည်။ ဒေါက်တာဇော်မြင့်မောင်အတွက် ရှေ့နေလိုက်ပေး နေသည့် ဒေါ်ရွက်နုအောင်ကိုလည်း ဧပြီလ ၂၈ ရက်က အိုးဘိုထောင်တွင်း တရားခွင်မှအပြန် အာဏာပိုင်များက ဖမ်းဆီးထားကာ ထောင်ဒဏ် တစ်သက်ချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ငွေကြေးထောက်ပံ့ ခြင်းဆိုင်ရာ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲထားသည်။
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.