Ad

Slider

ဟင်္သာပဲခူး လူမှုဘဝ မြင်ကွင်းစုံ


စျေးသည်တွေ တိုးလာတဲ့ ပဲခူး/တောင်ငူ - ကိုဗစ် ၁၉ နောက်ဆက်တွဲနှင့် နိုင်ငံရေးပဋိပက္ခများ ကြောင့် ပဲခူးတိုင်း၊ အထူးသဖြင့် တောင်ငူမြို့ကြီးမှာတော့ စျေးဝယ်သူတွေထက် စျေးရောင်းသူတွေက ပိုများလာတယ်လို့ မြို့ခံတွေက ဆိုလာပါတယ်။ ဒေသတွင်းမှာ အရင်ကလောက် ရောင်း ရေးဝယ်တာ ကိစ္စတွေ မသွက်လက်တဲ့အပြင် အလုပ်မဲ့တွေလည်း များလာတာကြောင့် စျေးရောင်းသူ တိုးပြီး ဝယ်သူ နည်းလာတာပါ။ စျေးရောင်းသူတွေထဲမှာ စီးပွားရေးလုပ်ငန်းကြီးတွေ ပိတ်ကုန်လို့ အလုပ်လက်မဲ့ဖြစ်သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းကို စွန့်ခွာခဲ့သူတွေက ရပ်တည်ရေးအတွက် တနိုင်တပိုင် ရောင်းရေး ဝယ်တာ လုပ်လာရင်းနဲ့ ရောင်းသူတွေ တိုးလာပေမယ့် ဝယ်ယူစားသုံးသူက ကျလာတာ ဖြစ်ပါတယ်။ 

တက္ကသိုလ် လူဝင်နည်းလို့ ဘော်ဒါဆောင်တွေ ထိခိုက် - ပဲခူးတိုင်းအတွင်းက တက္ကသိုလ်ရှိတဲ့ မြို့ ကြီးတွေမှာ ကျောင်းသားတွေကို မှီခိုလုပ်ကိုင်စားသောက်ရတဲ့ ဘော်ဒါဆောင်လုပ်ငန်းတွေ၊ ကျောင်းသားဗဟိုပြု စီးပွားရေးလုပ်ငန်းတွေ ညည်းတွားနေကြပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် တက္ကသိုလ် ဆက်တက်ဖို့ ခက်ခဲသူတွေ၊ ပညာရေးကို စွန့်ခွာသူတွေ များလာတာကြောင့် တက္ကသိုလ်တွေမှာ လူဝင်နည်းကုန်တာကြောင့် ဖြစ်ပါတယ်။ 

တဝက်တပျက် မီတာဆောင်သူ ပိုများလာ - ပဲခူးတိုင်းအတွင်း မီတာရုံးတွေမှာ မီတာဆောင်တဲ့ သူတွေ ပြန်ရှိလာပေမယ့် အများစုကတော့ ဆောင်ရမယ့် မီတာခတွေကို အပြည့်အဝ ပေးဆောင် နိုင်ဖို့ မတတ်နိုင်တာကြောင့် ကြွေးကျန်ထားပြီး နိုင်သလောက် ဆောင်တာမျိုးတွေသာ ရှိလာတယ်လို့ ပဲခူးမြို့ခံတွေက ဆိုပါတယ်။ ကိုဗစ် နောက်ဆက်တွဲ စီးပွားရေး ချွတ်ခြုံကျမှု၊ နိုင်ငံရေး ပဋိပက္ခများကြောင့် လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းကုန်ကာ မိသားစု ဝင်ငွေလျော့ကျလာမှုတွေကြောင့် မီတာကို ကြွေးကျန်ထပ်ထားပြီး တချို့တဝက်သာ ဆောင်သူတွေ များလာတာ ဖြစ်ပါတယ်။ 

မြို့ပေါ်မှာ မထားဘဲ ရွာကျောင်းတွေ ပြောင်းထားကြ - ပဲခူးတိုင်းအတွင်းက မြို့တွေမှာတော့ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လာသလို ကျောင်းအပ်နှံတဲ့သူတွေလည်း များတယ်လို့ ပဲခူး တိုင်းဒေသခံတွေက ဆိုပါတယ်။ ကျောင်းအပ်နှံသူ အများစုဟာ မရှိဆင်းရဲသား မိသားစုဝင်တွေ များပြီး ကိုယ်အိမ်နဲ့ နီးစပ်တဲ့ ကျောင်းတွေမှာပဲ အပ်နှံကြတာ ဖြစ်ပါတယ်။ တချို့ မြိုပေါ်နေသူတွေကတော့ မြို့ပေါ်ကျောင်းတွေမှာ အပ်နှံတာမျိုး မလုပ်ဘဲ ဆွေမျိုးတွေရှိတဲ့ ရွာကျောင်းတွေမှာ သားသမီးတွေကို ကျောင်းသွားအပ်တာတွေလည်း ရှိပါတယ်။ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူတွေဟာ အင်တာနက်၊ အွန်လိုင်းအသုံးပြုနိုင်မှု နည်းပါးသူတွေ ဖြစ်ပြီး အသုံး ပြုနိုင်သူတွေ၊ ငွေကြေးတတ်နိုင်သူတွေကတော့ အွန်လိုင်းက ဖွင့်တဲ့ ပုဂ္ဂလိကကျောင်းတွေမှာ အပ်နှံတာ၊ စာတတ်ရင် ပြီးရော...အသိအမှတ်ပြုလက်မှတ်က အရေးမကြီးဘူးဆိုတဲ့သူတွေက တော့ အိမ်မှာပဲ ဆရာခေါ်သင်တာတဲ့ (ကျူရှင်ခေါ်သင်တဲ့) ပုံစံနဲ့ သားသမီးတွေရဲ့ ပညာရေးကို အဆက်မပြတ်အောင် လုပ်ဆောင်ပေးနေကြပါတယ်။ 

ပြည်သူ့ဆေးရုံမှာ ပြန်ပြလာ - ပဲခူးတိုင်းအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့ ဆေးရုံကြီးတွေ ပြန်ပြတဲ့ လူနာတွေ ပြန်ပြီး များလာတယ်လို့ ပဲခူးသားတွေက ဆိုပါတယ်။ တတ် နိုင်သူတွေလောက်သာ ပုဂ္ဂလိက အထူးကုဆေးခန်းကြီးတွေကို သွားပြကြပေမယ့် အောက်ခြေလူတန်းစားတွေကတော့ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံတွေကို ပြန်သုံးလာတာ ဖြစ်ပါတယ်။ အစောပိုင်းကာလက ပြည်သူ့ဆေးရုံတွေမှာ ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်တဲ့ ဝန်ထမ်း မလုံလောက်မှုတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဝန်ထမ်းအသစ်တွေ ခန့်တာ၊ ဝန်ထမ်းအဟောင်း တွေ အလုပ်ခွင် ပြန်ဝင်လာကုန်ကြတာကြောင့် ပုံမှန်နီးပါး ပြန်လည်ပတ်လာသလို ကုသမှုတွေ လည်း ပေးနေတာ ဖြစ်ပါတယ်။ 

ဒူးရင်းတွေ အဝယ်လိုက်သလို စျေးကွက်လည်း အေးဆေး - ပဲခူးတိုင်း၊ တောင်ငူမြို့မှာတော့ အခုရာသီမှာ ဒူးရင်းတွေ လှိုင်လှိုင်ထွက်တာကြောင့် အရောင်းအဝယ် လိုက်နေတယ်လို့ တောင်ငူမြို့ခံ တစ်ဦးက ဆိုလာပါတယ်။ ဒူးရင်းကြိုက်သူတွေအကြား သံတောင်ဒူးရင်းသီးဟေ့ဆိုရင် လာထား ဆိုတာကြောင့် ဒူးရင်းစျေးကွက်က ကောင်းနေတာ ဖြစ်ပါတယ်။ မီးလောင်ထားတဲ့ တောင်ငူမြို့မစျေးဆိုတာကြီးကလည်း လေးပုံပုံ တစ်ပုံလောက်ပဲ ကျန်နေသေးပေမယ့် စျေးသူစျေးသားတွေနဲ့ ပုံမှန်လည်ပတ်နေသလို ပျံကျ ကုန်စိမ်းစျေးသည်တွေကလည်း ပုံမှန်အတိုင်း ရောင်းဝယ်ဖောက် ကားနေကြပါတယ်။
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.